Online Service Center Myanmar: Interview -->

Interview

My Blog

Latest blog



-     
  
ဒီလို Message မျိုးလေးတွေအမြဲပေးတာတောင် ဘယ်သူမှအလေးမထားကြဘူး။ 🙄 ကိုယ့် Account လေးတွေ အခိုးခံရပြီဆိုတော့မှ အကောင့် Hack ခံရလို့ပါ၊ အဖေကယ်ပါ၊ အမေကယ်ပါ၊ ဆိုတာမျိုးတွေဖြစ်ကုန်ကြတယ်။ 😏
ဘာမှမဖြစ်ခင်က ကိုယ့် Facebook Account လေးတွေ Safe ဖြစ်ဖို့ Facebook Security ပိုင်းကို အလေးထားပြီးလုပ်ဆောင်ထားကြဖို့လိုပါတယ်။ 👍
#ပျောက်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ အင်တာဗျူးလေး။ 😁😁😁
Admin: Aung Kyaw Soe


❝ဘယ်သူလာပြောပြော နောက်ဆုံးကိုယ်နဲ့ ရင်းနှီးတဲ့ သမီးရည်းစားပဲဖြစ်ဖြစ် ကိုယ့်ရဲ့ယောက်ျား၊ မိန်းမပဲဖြစ်ဖြစ်၊ မိသားစုဝင်ထဲက အဖေ၊ အမေပဲဖြစ်ဖြစ် ကိုယ့်ကို စကားလာပြောြပီ၊ link တစ်ခုလာပို့ပြီဆိုရင် ဘယ်လိုမှနှိပ်မကြည့်နဲ့ ၊ ဝင်မကြည့်နဲ့ ၊ ဝင်မကြည့်လေ Safe ဖြစ်လေပေါ့❞ ➤ ကိုအောင်ကျော်စိုး
❝ ပျောက်ဆုံးနေသော အမှန်တရား❞ ဇာတ်လမ်းတွဲမှာ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအနေနဲ့ ပါဝင်ကူညီပေးခဲ့တဲ့ IT ပညာရှင် ကိုအောင်ကျော်စိုးရဲ့ interview clip လေးကို ကြည့်လိုက်ကြရအောင် 👇


-     
  



"CYBER BULLYING အကြောင်း ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံ မေးမြန်းခြင်း"


မြန်မာနိုင်ငံတွင် တစ်ဦးချင်း မိုဘိုင်းဖုန်း ကိုင်ဆောင်သည့် အရေအတွက်မှာ များပြားလာသည် နှင့်အမျှ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုနှုန်းသည်လည်း လိုက်ပါမြင့်တက်လျှက် ရှိနေသည်။
ယခုလက်ရှိ အချိန်တွင် ပြည်တွင်း၌ မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ သန်း ၂၀ ကျော်ခန့် ရှိလာပြီဖြစ်ပြီး Facebook လူမှုကွန်ရက် ကို အသုံးပြုသူ အရေအတွက်မှာ ၄ သန်းနှင့် ၂ သိန်း ကျော်ရှိပြီဖြစ်သည်။
ဆက်သွယ်ရေး ကဏ္ဍ တိုးတက်လာမှုနှင့်အတူ လိုက်ပါလာသည့် အင်တာနက်အသုံးပြုနိုင်မှု မြင့်တက်လာခြင်း၏ နောက်ဆက် တွဲအနေဖြင့် Cyberbullying ဟူ သည့် ကွန်ရက်ပေါ်မှ အနိုင်ကျင့်သည့် အကြောင်းအရာများ သည်လည်း အချိန်နှင့်အမျှ ဖြစ် ပေါ်လျက်ရှိသည်။


Facebook လူမှုကွန်ရက်ပေါ်တွင် အဓိကဖြစ် ပေါ်လာနေသည့် Cyberbullying များကြောင့် အမုန်းစကားများ ပါဝင်သည့် စာသားများကို အဆိုပါကွန်ရက်ကို သုံး စွဲသူတိုင်း မြင်တွေ့နေကြရမည်ဖြစ်သည်။ တစ်ခါတရံတွင် အင်တာနက် အသုံးပြုသူတစ်ဦးသည် မိမိကိုယ်တိုင် ကွန်ရက် အနိုင်ကျင့် သူ ဖြစ်နေသည်ကို မသိရှိသော အခြေအနေများစွာလည်း ဖြစ်ပေါ်လျက် ရှိနေသည်။
ထို့ကြောင့် အင်တာနက် ကွန်ရက်တစ်ခုပေါ်မှ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား ရည်ရွယ်ချက် ရှိ၍ ဖြစ်စေ၊ အသုံးပြုသူကိုယ်တိုင် မသိရှိ၍ဖြစ်စေ Cyberbullying ဖြစ်သွားစေသော အကြောင်းအရာများနှင့် ပတ်သက်၍ ဥပဒေ ပညာရှင် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံ မေးမြန်းထားသည်များ ကို ကောက်နှုတ် ဖော်ပြလိုက်ပါ သည်။


မေး -  အင်တာနက်ကွန်ရက် တစ်ခုပေါ်ကနေ အနိုင်ကျင့်တယ်ဆိုတဲ့ Cyberbullying ဆိုတာ ဘယ်လို အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ခေါ်တာလဲ ဆိုတာ အရင်ဆုံး သိပါရစေ။


ဖြေ - Cyberbullying ဆိုတာနှစ်မျိုး ရှိတယ်။ ပထမတစ်မျိုးက Individual (တစ်ဦးချင်း၊ တစ်ယောက်ချင်း) ဆိုတာမျိုး။ နောက်ဒုတိယတစ်မျိုးက Business to Business ဆိုတဲ့ စီးပွားရေး လုပ်ငန်း အချင်းချင်း ဆိုတာမျိုး။ တစ်ဦးချင်း တစ်ယောက်ချင်း ကနေလည်း စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်တာမျိုးဆိုပြီးလည်း ခွဲလို့ရသေးတယ်။ စီးပွားရေးလုပ်ငန်း အချင်းချင်းကျတော့ Cyberbullying မဟုတ်ဘဲ တစ်ခြားစီးပွားရေး တစ်ခုရဲ့ ပုံရိပ်ကို ထိခိုက်အောင်ပေါ့။ အဲ့ဒါက အမှန်တရား လည်း ဖြစ်ချင်ဖြစ်နေမယ်။ အမှန်မဟုတ်တာလည်း ဖြစ်ကောင်း ဖြစ်မယ်။ တစ်ဦးတစ်ယောက်ချင်းကျတော့ Cyberbullying လုပ်တာမျိုး။ နောက် Cyber Crime လို့လည်း ပြောလို့ရတယ်။ Crime လို့ဘာ ကြောင့် သုံးလည်းဆိုရင် မှန်တဲ့ သတင်းလည်း ဖြစ်ကောင်းဖြစ်မယ်။ မမှန်တဲ့သတင်းလည်း ဖြစ်ကောင်းဖြစ်မယ်။ သတင်း တစ်ခုက မှန်နေလို့ လူမှုကွန်ရက်ပေါ် တင်လိုက်မယ်ဆိုရင် အဲ့ဒါကို လူတွေသိကုန်မယ်။ အဲ့ဒီကနေ လူပုဂ္ဂိုလ်တစ်ဦး ဒါမှမဟုတ် လုပ်ငန်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်တာမျိုးပေါ့။ လူတစ်ယောက်က ကိုယ်ခံလိုက်ရတဲ့ ထိခိုက်မှုကို ဥပဒေအကြောင်းအရ မဖြေရှင်းဘဲ အများသိအောင် ဆိုရှယ် မီဒီယာပေါ် ချပြလိုက်တာမျိုးက အမှန်တရားဖြစ် နေပေမယ့်လည်း တစ်ခါတစ်လေ Cyberbullying ဖြစ်နေတာမျိုးတွေ ရှိတယ်။ ဆိုလိုတာက ကိုယ်က နစ်နာတာမျိုး ရှိခဲ့ရင် တစ်ဖက်လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ဥပဒေကြောင်းအရ မလုပ်ဘဲ အွန်လိုင်းမီဒီယာပေါ် တင်လိုက်တာကို Cyberbullying လုပ်တယ်လို့ ခေါ်တယ်။


မေး - အခုလက်ရှိ ဆိုရှယ် မီဒီယာတွေသုံးနေတဲ့ မြန်မာတွေကြားမှာ တွေ့မြင်နေရတဲ့ ကွန်ရက်ပေါ် ကနေ အနိုင်ကျင့်တဲ့ အပြုအမူတွေ က ဘယ်အခြေအနေ ထိ ဖြစ်နေပြီလဲ။


ဖြေ - တော်တော်ကို ဆိုးနေပြီလို့ ပြောလို့ရတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့က နှစ်ကာလကြာစွာ သတင်း အမှောင်ချထားတဲ့ ခေတ်ကြီးကို ဖြတ် သန်းခဲ့ရတာကို။ အဲ့ဒီအခါကျတော့ လူတွေက ကောလဟလကို တအားယုံလွယ်ကြတယ်။ မှန် ခြင်း၊ မမှန်ခြင်းဆိုတဲ့ အခြေအမြစ်တွေကို မစဉ်းစားကြဘူး။ Facebook ပေါ်တက်လာတဲ့ အကြောင်းအရာတစ်ခုကို ဘာမှန်းသေချာမသိဘဲ ထောက်ခံကြတယ်။ Comment တွေပေးကြတယ်။ ပြောရရင်တော့ တော်တော် ကြီး အခြေအနေ ဆိုးတဲ့အဆင့်ကို ရောက်နေပြီ။


မေး - အခုလို လူမှုကွန်ရက် စာမျက်နှာ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ တစ်စုံတစ်ဦးကတစ်စုံတစ်ဦးကို ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခု အပေါ်ကို Cyberbullying လုပ်တဲ့ ဖြစ်ရပ်တွေ တော်တော်များ လာတယ် ဆိုတော့ အဓိကပြဿနာက ဘာများဖြစ်နိုင်ပါမလဲ။


ဖြေ - အခုလို အခြေအနေ ဆိုးလာတာ ဘာကြောင့်လဲဆိုတော့။ ဥပဒေမရှိလို့။ ဥပဒေက တိကျတဲ့ ဥပဒေမရှိလို့။ Electronic Transactions Law ဆိုတာရှိခဲ့တယ်။ သို့သော် ပြဌာန်း ထုတ်ပြန်ခဲ့တဲ့ ရည်ရွယ်ချက်က အများပြည်သူအတွက်လား၊ တစ်စု တစ်ဖွဲ့အတွက်လားဆိုတာ အဲ့ဒီရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်ရင် အဖြေထွက်တာပေါ့။


မေး - ဥပဒေကရှိတယ်။ ဒါပေမယ့် အခုလို အဖြစ်အပျက်တွေ မကြာခဏဖြစ်ပျက်နေရတာ ဘာကြောင့်လို့ သုံးသပ်ပါသလဲ။


ဖြေ - ဥပဒေရဲ့ နည်းလမ်းတွေ ခက်ခဲလို့ဖြစ်နေတာ။ နောက်တစ်ခုက မရှင်းလင်းလို့ဖြစ်တာ။ အဲ့ဒီတော့ Electronic Transactions Law က အရင်တုန်းကတော့ အားလုံးသိတဲ့အတိုင်း ပြစ်ဒဏ်တွေက ကြီးတယ်၊ များတယ်။ အဲ့ဒီဥပဒေသာအရင်အတိုင်း ရှိခဲ့မယ်ဆိုရင် Cyberbullying လို ကိစ္စတွေအတွက် တော်တော်လေး အဆင်ပြေမယ်။ အကြောက်တရားလည်း ရှိလာကြမယ်။ အခုတော့ သိတဲ့အတိုင်း လွှတ်တော်မှာ ဒီဥပဒေကို ပြင်ဆင်တယ်။ ပြစ်ဒဏ်တွေကိုပဲ ပြင်ဆင် လိုက်တယ်။ ဥပဒေရဲ့ အနှစ်သာရကို မပြင်ဘူး။ ပြစ်ဒဏ်ကိုပြင်လိုက်တော့ ဥပဒေက ပေါ့ပျက်ပျက်ဖြစ်သွားတယ်။ အဲ့ဒီတော့ လူတွေက မကြောက်တော့ဘူး။ အသိ တရားပေးလို့မရမယ့် အခြေအနေမှာ အကြောက်တရားပေးရမယ်ဆိုရင် အကြောက်တရားပေးဖို့ အင်အားက မရှိတော့ လူတွေက မကြောက်ကြတော့ဘူး။ နောက် တစ်ချက်က ဘာလဲဆိုတော့ လုပ်ထုံးလုပ်နည်းနဲ့ နည်းလမ်းတွေက ခက်နေတာပေါ့။ Electronic Transactions Law နဲ့ အရေးယူမယ်ဆိုရင် အရင်တုန်း ကဆိုရင် ဗဟိုအဖွဲ့ရဲ့တရား စွဲဆိုဖို့ခွင့်ပြုချက်လိုတယ်။ အဲ့ဒါက တော်ရုံတန်ရုံသာမန်လူပုဂ္ဂိုလ်ဖို့အတွက်က အခက်အခဲရှိတယ်။ အဲ့ဒီတော့ ဗဟိုအဖွဲ့ဆိုတာ ဥက္ကဋ္ဌ။ အဲ့ခေတ်တုန်းကတော့ ပြည်ထဲရေး ဝန်ကြီးပေါ့။ နောက်ပိုင်းစီရင်ထုံး အရ ဘာထွက်လာလဲဆိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ရုံးအဖွဲ့မှူးပေါ့။ ရုံးအဖွဲ့မှူး က ပေးခြင်းသည် ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌက ပေးခြင်းနဲ့ အတူတူပါပဲဆိုတဲ့ စီရင် ထုံးတစ်ခုထွက်လာတယ်။ အဲ့ဒီ တော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရုံးအဖွဲ့မှူးပေါ့။ အဲ့ဒီလိုပေးပြီး တရားစွဲခဲ့တဲ့ အကြောင်း အရာတွေ ရှိခဲ့တယ်။ အဲ့လိုခက်နေတာကို လွယ်အောင်လုပ်လို့ ရတယ်။ အဲ့ဒီ လုပ်ပိုင်ခွင့်ကို ခရိုင်ရဲ တပ်ဖွဲ့မှူးလောက် ကို ပေးလိုက်မယ် ဆိုရင် အလုပ်လုပ်ရတာ အဆင်ပြေသွားလိမ့်မယ်။ ပြည်ထဲရေး ဌာနရဲ့ ရုံးအဖွဲ့မှူးဆိုရင် အဲ့ဒီအမှု တစ်ခုချင်းစီ တရားစွဲဆိုဖို့ကို နေပြည်တော် အထိ ဆိုတော့ ကြန့်ကြာတာလေးတွေ ရှိတယ်။ ခရိုင်ရဲ တပ်ဖွဲ့မှူးကျတော့ သက်ဆိုင် ရာ မြို့နယ်မှာဖြစ်တဲ့ ကိစ္စတွေ ကို အချိန်နဲ့တပြေးညီ စုံစမ်း စစ်ဆေးဖို့ဆိုတဲ့ ကိစ္စတွေ အဆင်ပြေသွားတာပေါ့။ ဒါတွေက ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ နည်းလမ်းတွေ ခက်ခဲမှုတွေ ကြောင့်လည်းပါတဲ့ သဘောပေါ့။


မေး - အခုလို Cyberbullying ကိစ္စမျိုးကို ထိန်းချုပ်လို့ရမယ့်၊ ဒါမှမဟုတ် ဖြေရှင်းလို့ရမယ့် တခြားနည်းလမ်းတစ်ခုခုရော ရှိဦးမလား။


ဖြေ - ရှိတယ်။ နောက်တစ်ခုက ဆက်သွယ်ရေးဥပဒေအရလည်း အရေးယူလို့ရတယ်။ သူက ပြစ်ဒဏ်ပိုများတယ်။ အဲ့ဒီမှာလုပ်ပိုင် ခွင့်ပေါ့။ လုပ်ပိုင်ခွင့်ကို ရဲကို ပြည့်ပြည့်ဝဝ ပေးထားလိုက်ရင် ရဲက ဘယ်လိုဥပဒေနဲ့အမှုကို တည်ဆောက်လို့ရတယ်ဆိုတာ သူ့ဘာသာ သူမြို့နယ်၊ခရိုင် ဥပေဒ အရာရှိတွေဆီ သဘောထား မှတ်ချက်တောင်းပြီး တရားစွဲ ဆိုတာ လုပ်နိုင်တယ်။ ဒါပေမယ့် တခြား တဖက်က ပြန်ကြည့်ရင် နောက်ထပ် ဘာပြန်ခက်နေလဲ ဆိုတော့ Cyberbullying လိုကိစ္စမျိုး ရော၊ တခြားအခြေအနေ တစ်ခုမှာရော ပြစ်မှုကျူးလွန်တဲ့သူရဲ့ ဖုန်းနံပါတ်ကို သက်ဆိုင်ရာ ဆက်သွယ် ရေး အော်ပရေတာတွေဆီက တ ရားစွဲ အဖွဲ့ဆီကနေ တောင်းဖို့ဆိုတာတွေမှာ ဥပဒေအရ အခက်အ ခဲလေးတွေရှိနေတယ်။


မေး - Cyberbuylling ပြဿနာကိုဖြေရှင်းဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ရော ရှိနေလား။


ဖြေ - ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်အပြင် နည်းပညာပိုင်း ဆိုင်ရာ အားနည်းချက်လည်း ရှိသေးတယ်။ ဆက်သွယ်ရေး အော်ပရေ တာတွေအနေနဲ့ ဥပဒေနဲ့ ညီတဲ့ အချက်အလက်တွေကို စုစည်းနိုင်ရမယ်။ ဥပဒေနဲ့အညီ ကြားဖြတ် နားထောင်တာတွေ လုပ်သင့် လုပ်ရမယ်။ အမေရိကန် က NSA လိုအဖွဲ့အစည်းမျိုး ရှိ စေချင်တယ်။ ဆက်သွယ်ရေး ဥပဒေအရ နောက်ပိုင်းဆိုရင် ISP တွေက လက်ရှိထက် အများကြီး ပေါ်လာဦးမှာ။ Data Center တွေလည်း အများကြီး ပေါ်လာဦးမှာ။ အဲ့ဒါကြောင့် ဥပဒေအရ တရားဝင် ဖြစ်တဲ့ Law Firm Interception တွေလည်းထားဖို့လိုတယ်။



မေး - ဒါတွေက တကယ်တမ်း လက်တွေ့မှာ အကောင်အထည် ဖော်ဖို့လွယ်ပါ့မလား။ဘာအခက်အခဲတွေ ရှိနိုင်ဦးမလဲ။


ဖြေ -မန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ Cyber Crime အဖွဲ့အစည်း ရှိတယ်။ ဒါပေမယ့် ပြဿနာက လူအင်အား အရမ်းနည်းတယ်။ ဆက်သွယ်ရေးဝန်ကြီး ဌာနမှာလည်း ICT and Cyber Security Department ဆိုပြီး မကြာသေးခင်က အဖွဲ့တစ်ခု ထပ်ဖွဲ့ လိုက်တယ်။ အဲ့ဒါကလည်း လူနည်းနေတယ်။ လူမရှိဘူး။ လူဆယ်ယောက်၊ ဆယ့်ငါးယောက်လောက်နဲ့က နိုင်ငံတော်ရဲ့ အချက်အလက် လုံခြုံရေးရော၊ နိုင်ငံသား တစ်ဦးချင်းရဲ့ အချက်အလက် လုံခြံုရေးရော စိတ်ချရဖို့ မလုပ်နိုင်ဘူး။ ဒါတွေအားလုံးရဲ့အချုပ်က ဘတ်ဂျတ်လိုတယ်။ ပြီးတော့ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်လိုက်ရင် အလွယ်တကူ ဖြေရှင်းပေးသွားနိုင်မယ်။


မေး - Cyberbullying လုပ်တယ် ဆိုတာမှာ ပြုလုပ်တဲ့သူက ကိုယ်လုပ်လိုက်တာဟာ ဆိုက်ဘာ အနိုင်ကျင့်မှုဖြစ်သွားမှန်း မသိဖြစ်နေတာ မျိုးတွေလည်း တွေ့ နေရတယ်။ အဲ့ဒီအပေါ် အမြင်လေး သုံးသပ်ပေးပါဦး။


ဖြေ - အခုအခြေအနေက လူတွေရော၊ စီးပွားရေး လုပ်ငန်း တွေရောက ဆိုရှယ်မီဒီယာပေါ် ရောက်လာကြတယ်။ ကိုယ့်ဆီက ပစ္စည်းကမှ ပိုကောင်းတယ်။ တခြားသူရဲ့ ပစ္စည်းက မကောင်းဘူး ဆိုတာတွေက ဖြစ်မှန်းမသိဖြစ် နေကြတာမျိုးပေါ့။ ကိုယ်က စားသောက်ဆိုင်တစ်ခုမှာ စားလို့ အပ်တစ်ချောင်းတွေ့တယ်ဆိုရင် ကိုယ်က သက်သေအခိုင်အလုံ နဲ့ စွပ်စွဲသူပေါ့။ ဒါက အမှန်တရားဖြစ်နေပေမယ့် သက်သေ မခိုင်ဘူးဆိုရင် ဒါကို ဆိုရှယ်မီဒီယာပေါ် တင်လိုက်မယ်ဆိုရင် တဖက်က စီးပွားရေးလုပ်ငန်းက သူ့ရဲ့ နစ်နာမှုအတွက် ကိုယ့်ကို တရားပြန် စွဲလို့ရနိုင်တယ်ဆိုတာလည်း သိ ထားဖို့လိုတယ်။

မေး - အစိုးရအနေနဲ့ Cyber Law ရေးဆွဲဖို့ ကြန့်ကြာနေရတဲ့ အကြောင်းရင်းက ဘာများ ဖြစ် နိုင်မလဲ။


ဖြေ - ကျွန်တော်မြင်တာကတော့ အရင်က ဒီဥပဒေကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက လုပ်တယ်ပေါ့။ ကျွန်တော်တို့က လိုအပ်တဲ့ ကျောရိုးတွေတောင်ပေးခဲ့ပြီးပြီ။ အဲ့ဒီကနေမှ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနကို ရောက်သွားတယ်။ သမ္မတရုံးကနေ လွှဲပေးလိုက်တာ။ နည်းပညာ ပါတယ် ဆိုတာနဲ့ မဟုတ်သေးတော့ အလုပ်လုပ်ရ ခက်တယ်။ ဒီဥပဒေမျိုးဟာ ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်မှာပဲ ထားသင့်တယ်။


မေး - ဆိုရှယ်မီဒီယာ အသုံးပြုမှုအနေနဲ့ အသုံးပြုသူတွေဟာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို သိထားကြတယ်၊ လေ့လာထား ကြတယ်လို့ ထင်ပါသလား။


ဖြေ - မထင်ဘူး။ အသုံးပြုသူ အများစုမှာ အခြေခံ သိသင့်သိထိုက်တာတွေကို မသိကြဘူး။ အဲ့ဒါက လုံးဝ ကျိန်းသေတယ်။ ကိုယ်သုံး နေတဲ့ Facebook ရဲ့ သိထားသင့်တဲ့ စည်းကမ်းချက်တွေ၊ အချက်အလက်တွေကိုတောင် ဖတ်ကြရဲ့လား မသိဘူး။ အသုံးပြုသူ တွေအနေနဲ့ အဲ့ဒီ ဗဟုသုတလည်း လိုသေးတယ်။ နောင် ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာ Law and Order ဖြစ်ဖို့အတွက်ကို ဒီလိုမျိုး Privacy Policy တို့ Terms and Condition တို့ကို မြန်မာဘာသာနဲ့ ရေးသားပြီး တော့မှ registration လုပ်ဖို့ကို ကျွန်တော်တို့က ဝိုင်းပြီးတွန်း အားပေးရမယ်။


မေး - အခုလို ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်မှာ အဖြစ်များနေတဲ့ ကွန်ရက်ပေါ်က အနိုင်ကျင့် နေကြတဲ့ အဖြစ်အပျက်တွေမှာ အစိုးရက ဘယ်အပိုင်း ကဏ္ဍ ကနေ ပါဝင်ရမယ်လို့ သုံးသပ်ပါသလဲ။


ဖြေ - ဒီလိုပြစ်မှုကျူးလွန်သူတွေကို အစိုးရက ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးသင့်တယ်။ အသိတရား အရင်ပေးရမှာပဲ။ အသိတရား ပေးလို့ မလုံလောက်ရင် အကြောက်တရားပေးရမယ်။ အကြောက်တရားပေးဖို့ ဆိုတာထိ ရောက်တဲ့ပြစ်ဒဏ်ချမှရမှာ။ ကျွန်တော်တို့မှာက အခြေခံကျောင်းတွေမှာတုန်းကလည်း ပြည်သူ့ နီတိ လိုဟာမျိုးတွေ မသင်ကြားခဲ့ရတော့ ယဉ်ကျေးမှုအား နည်းသွားတာ။ ဒါကလည်း အရင်တုန်းက သတင်း အမှောင်ချ ခံထားရတာ မျိုးကြောင့်ပေါ့။

မေး - ဒီနေ့ ဆိုရှယ်မီဒီယာတွေ ပေါ်ကနေ Cyberbullying အလုပ်ခံ နေရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာတွေ ရှိရင် ပြောပေးစေလိုပါ တယ်။

ဖြေ - အဓိကပြောချင်တာက လုပ်ထုံးလုပ်နည်းတွေ၊ နည်းလမ်းတွေကို လွယ်ကူအောင်လုပ်ဖို့။ နောက်တစ်ခုက Contact Regulation ကိုထုတ်ဖို့။ နောက် တစ်ခုက Cyber Law ကို အမြန်ဆုံး ရေးဆွဲဖို့။ နောက်တစ်ခုက Facebook, Google, Youtube တို့လို ဆိုရှယ်မီဒီယာတွေက end user agreement တို့၊ terms and conditions တို့ကို မြန်မာဘာသာနဲ့ ဖော်ပြပြီး သင်သေချာ ဖတ်ပြီးပြီလားဆိုတဲ့ သတိပေးချက်မျိုးတွေကို လုပ်ပေးဖို့ပါပဲ။

Ref ;  Internet Journal
  #Cyberbullying

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com