သို့.. သက်ဆိုင်ရာလူကြီးမင်းများခင်ဗျာ...

သို့.. သက်ဆိုင်ရာလူကြီးမင်းများခင်ဗျာ...



( ပြည်ထဲရေးနှင့် သက်ဆိုင်ရာလူကြီးမင်းများအား အိတ်ဖွင့်ပေးစာ)
လက်ရှိအချိန် မြန်မာလူမျိုးတွေအနေနဲ့ Social Media တစ်ခုဖြစ်တဲ့ Facebook ကို တွင်ကျယ်စွာ အသုံးပြုလျှက်ရှိပါတယ်။ အသုံးပြုသူတွေကတော့ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ အသုံးပြုနေကြတာပါ။ စီးပွားရေးလုပ်ငန်းတွေအတွက်သုံးတယ်၊ သတင်းအချက်အလက်ဆိုင်ရာတွေအတွက်အသုံးပြုတယ်၊ ကိုယ်ရေးကိုယ်တာအနေနဲ့သုံးတယ်၊ ဗဟုသုတရစေရန်သုံးတယ်၊ ပညာရှာဖွေရန်နဲ့ မျှဝေချင်းဆိုင်ရာ အစရှိတဲ့ အရာတွေနဲ့အတူ ကဏ္ဍများစွာနဲ့ Facebook ကိုသုံးနေကြပါတယ်။

Facebook ဆိုတာက လူတိုင်းအတွက်လိိုလို Virtual Life တစ်ခုလို ဖြစ်နေခဲ့တာပါ။ Real Life မဟုတ်ပေမယ့် တကယ့် Real Life ရဲ့တစိတ်တစ်ပိုင်းအနေနဲ ့ပါဝင်ပတ်သက်နေပြီး၊ အရေးကြီးတဲ့ ဘဝ တစ်စိတ်တစ်ပိုင်းတောင်ဖြစ်လို ့နေပါပြီ။

ဒီလိုအနေအထားမျိုးမှာ နည်းပညာကို အလွဲသုံးစားပြုလုပ်ပြီး၊ မသိနားမလည်သူ Facebook အသုံးပြုနေသူတွေရဲ့ User Account တွေကို ခိုးယူပြီး၊ ခြိမ်းခြောက်မှုတွေ၊ ငွေညှစ်မှုတွေ၊ Personal Attack လုပ်မှုတွေအပြင်၊ နှစ်ရှည်လများ အသုံးပြုလာတဲ့၊ မှတ်တမ်း မှတ်ရာတွေ၊ အမှတ်တရများစွာတွေရှိတဲ့ User Account တွေကိုလည်း၊ ခိုးယူပြီး ဖျက်ဆီးပစ်တာမျိုးတွေကို ပြုလုပ်နေလျှက်ရှိပါတယ်။

သူတို့ရဲ ့Target တွေက၊ ယခင်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေ၊ Online Shopping သမားတွေ၊ ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင်တွေရဲ့ Account တွေကိုသာ ခိုးယူပြီး၊ ခြိမ်းခြောက်ငွေညှစ်တာတွေ၊ Personal Attack ပြုလုပ်တာတွေ၊ ပြုလုပ်ခဲ့ပေမယ့်၊ ယခုအခါမှာဆိုရင် တွေ့တွေ့သမျှ၊ မြင်မြင်သမျှ လူတိုင်းရဲ့Account တွေကို ခိုးယူပြီး၊ စီးပွားရေးစျေးကွက်ပုံသဏ္ဍာန်မျိုးနဲ ့ငွေရှာလျှက်ရှိကြပါတယ်။

ထိုကဲ့သို့ပြုလုပ်နေမှုတွေကြောင့်၊ Facebook အသုံးပြုသူ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ တော်တေ်ာများများ လူဒုက္ခ၊ စိတ်ဒုက္ခတွေ ရောက်လျှက်ရှိသလို၊ ချွေးနဲစာများကိုလည်း အတင်းအဓမ္မ ခြိမ်းခြောက်တောင်းယူလျှက်ရှိတာကြောင့်၊ ငွေကြေးများလည်း ဆုံးရှုံးရလျှက်ရှိပါတယ်။ တစ်ချို့တွေဆိုရင် ကိုယ့်ကိုယ် ကိုယ် တောင် အဆုံးစီရင်ဖို့အထိကြိုးစားတာမျိုးတွေရှိတယ်။ ဒီလိုကိစ္စတွေက နေ့စဉ်နဲ ့အမျှဖြစ်ပျက်နေတာမို့တာဝန်ရှိသူ၊ လူကြီးမင်းများအနေနဲ့လည်း၊ ဒါကို သိရှိထားပြီး၊ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

လက်ရှိ၊ အထက်ဖော်ပြပါအတိုင်းထဲမှ ထိခိုက်၊ နစ်နာ၊ ဆုံးရှုံးရသူများအနေနဲ့၎င်းကဲ့သို့ ခိုးယူသူများကို ထိရောက်တဲ့အရေးယူအပြစ်ပေးမှုများ ပြုလုပ်စေချင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကူအညီတောင်းခံကြတဲ့အခါမှာ အောက်ပါအချက်တွေအတိုင်းသာဖြစ်ပေါ်လျှက်ရှိပါတယ်။

( ၁ ) - Account ခိုးယူခံရပြီး၊ ခြိမ်းခြောက်မှု၊ ငွေညှစ်မှု၊ Personal Attack လုပ်မှု နဲ ့အမျိုးမျိုးသော လူဒုက္ခ၊ စိတ်ဒုက္ခရောက်ခဲ့ရသည့်အတွက်၊ နီးစပ်ရာ ရဲစခန်းသွားပြီး၊ အမှုသွားဖွင့်တဲ့အခါမှာ၊ ဘယ်လိုခေါင်းစဉ်နဲ ့အမှုဖွင့်ပေးရမှန်းမသိဘူးဆိုပြီး ငြင်းဆိုလွှတ်ခြင်း။

( ၂ ) - အမှုကိုလက်ခံပြီး၊ စစ်ဆေးအရေးယူပေးရမယ့်အစား၊ လာရောက်၊ အမှုဖွင့်တိုင်ကြားသူကိုပင်၊ Facebook Account တစ်ခုအခိုးခံရတာများ ရေးကြီးခွင်ကျယ်လုပ်နေသေးတယ်၊ နီးစပ်ရာဖုန်းဆိုင်မှာ ၃၀၀၀ ပေး၊ ၅၀၀၀ ပေး၊ ပေးလိုက်ရင် အကောင့်တစ်ခု အမြန်ပြန်ရတယ်လို့ပြောသလို၊ ခြိမ်းခြောက်ငွေညှစ်လို့ ပိုက်ဆံပေးလိုက်ရတာကိုပင်၊ ဘာလို့ပေးလဲ၊ ကိုယ်အလို့ကိုယ်ခံရတာ နည်းတောင်နည်းသေးတယ်လို့ပြောဆိုပြီး ပြန်လွှတ်လိုက်ခြင်း။ 

( ၃ ) - တိုင်ကြားချက်ကိုလက်ခံလိုက်ပေမယ့်၊ Cyber Law က အတည်မပြုရသေးတဲ့အတွက်၊ ဖမ်းဆီးအရေးယူဖို့က သိပ်အဆင်မပြေနိုင်ပါဘူး။ ဆက်သွယ်ရေးအော်ပရေတာတွေနဲ ့ချိတ်ဆက်ပြီးလုပ်ရမှာမျိုးတွေဆိုရင် အဆင့်ဆင့်သွားရတာမျိုးတွေရှိလို့ နှစ်ရှည်၊ လများစွာ၊ ကြာတတ်ပါတယ်ဆိုပြီးသာ ပြောပြတတ်ကြခြင်း။ 

( ၄ ) - ခိုးယူသူများထဲမှ တစ်ယောက်၊ နှစ်ယောက်ကို၊ သက်သေတွေအစုံအလင်နဲ ့နစ်နာသူများကိုယ်တိုင်ဖမ်းဆီးပြီး၊ သက်ဆိုင်ရာ ရဲစခန်းတွေကိုအပ်ခဲ့ပေမယ့်၊ အာမခံတွေ၊ ခံဝန်ကတိတွေထိုးခိုင်းပြီး၊ ထိရောက်တဲ့ အရေးယူ၊ အပြစ်ပေးမှုတွေမလုပ်ဆောင်ပဲ၊ ပြီးစလွယ် ပြန်လွှတ်ပေးခြင်း။

( ၅ ) - Account သူခိုးများကို၊ အမည်၊ နေရပ်လိပ်စာ၊ အလုပ်ကိုင်၊ တွေကအစ သိရှိထားသည့်အတွက်၊ နီးစပ်ရာရဲစခန်းတွေမှာ၊ အမှုဖွင့်တိုင်တန်းပြီး၊ စစ်ဆေးအရေးယူရန်၊ အကူအညီများတောင်းခံခဲ့သော်လည်း၊ Cyber Crime ( အွန်လိုင်းရာဇဝတ်မှု ) တွေနဲ့ပတ်သက်လာရင်၊ သူတို့နဲ ့ပဲမဆိုင်သလိုလိုပုံစံမျိုးတွေ၊ အထက်လူကြီးများမှ ညွှန်ကြားချက်မရှိသည့်အတွက်၊ ဖမ်းဆီးအရေးယူတာမျိုးတွေကို မလုပ်ဘူး ဆိုတဲ့ပုံစံမျိုးတွေကိုသာ မြင်တွေ့ရလျှက်ရှိပါတယ်။ 

ဒီတော့... ပြည်ထဲရေးအပါအဝင်၊ အစိုးရပိုင်းမှ တာဝန်ရှိသူများအနေနဲ ့ဒီလိုဖြစ်စဉ်မျိုးတွေ ထပ်မံမဖြစ်ပွားတော့အောင်နှင့် ပြည်သူတွေဘဝကို လုံခြုံစိတ်ချစွာနဲ့နေထိုင်နိုင်အောင် စောက်ရှောက်ပေးမှုတွေ၊ ကာကွယ်ပေးမှုတွေနဲ့အတူ မင်းမဲ့စရိုက်ဆန်စွာ နေ့စဉ်နဲ့အမျှ ပြစ်မှုကျူးလွန်နေသူတွေကို ထိရောက်စွာ အရေးယူတာမျိုးတွေ လုပ်ပေးနိုင်စွမ်းရှိ၊ မရှိကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် သိလိုပါတယ်။

အကယ်၍ ဒီနိုင်ငံက ဥပဒေတွေက၊ ဒီနိုင်ငံကပြည်သူတွေကို ကာကွယ်မပေးနိုင်ဘူး၊ စောင့်ရှောက်မပေးနိုင်ဘူး၊ ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာအရေးယူအပြစ်မပေးနိုင်ဘူးဆိုရင်၊ ဒီဥပဒေတွေကို မိမိတို ့ပြည်သူတွေအနေနဲ့လိုက်နာခြင်းမရှိတော့ပဲ မင်းမဲ့စရိုက်ဆန်စွာနဲ့ အထက်ဖော်ပြပါ အကောင့်ခိုးယူပြီး ငွေညှစ်နေသူများ၊ လူဒုက္ခ၊ စိတ်ဒုက္ခပေးနေသူများကို မိမိတို့ပြည်သူတွေလက်နဲ့ပဲ အပြစ်ပေးခြင်း၊ စီရင်ခြင်းတွေပြုလုပ်ခွင့်ပေးမှာပါလားဆိုတာကို သိချင်မိပါတယ်။

အမှန်အတိုင်းပြောရရင် ဒီလို ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့အရေးယူ၊ အပြစ်ပေးမှုတွေကို လုပ်ဆောင်ရမည့်သူတွေက တာဝန်ကို လစ်ဟင်းနေခဲ့ပြီး၊ မသိချင်ယောင်ကိုဆောင်နေကြတာမျိုးတွေကြောင့် မင်းမဲ့စရိုက်ဆန်စွာပဲ တုန် ့ပြန်မှုတွေပြုလုပ်ချင်နေတာပါ။ သို့သော်လည်း တရားဥပဒေဘောင်တွင်းကနေပဲ ထိရောက်တဲ့အရေးယူအပြစ်ပေးတာမျိုးတွေပဲ ဖြစ်စေချင်သည့်အတွက်၊ တာဝန်ရှိသူများကို မိမိတို့လုပ်ငန်းဆောင်တာများကို မိမိတို ့လုပ်ရမည်ဆိုတဲ့ အတွေးအသိတွေဝင်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နဲ ့လုပ်ဆောင်စေချင်မိပါတယ်။

သို့ပါသောကြောင့်၊ ပြည်ထဲရေးအပါအဝင်၊ အစိုးရပိုင်းမှ တာဝန်ရှိသူများအနေနဲ့ယခု ဖော်ပြပါကိစ္စနဲ့စပ်လျဉ်းပြီး၊ ပြည်သူများ အတိဒုက္ခရောက်နေမှုအပေါ်၊ မည်သို့မည်ပုံ၊ ကူညီပေးသွားပါမည်လည်းဆိုတာကို သိချင်မိပါတယ်။ ထိရောက်တဲ့ အရေးယူဆောက်ရွက်မှုမျိုးတွေနဲ့ ထိထိရောက်ရောက်ဖြစ်အောင် လုပ်ဆောင်ပေးစေချင်ပါတယ်ဆိုတာကို အသိပေးရင်း တင်ပြအပ်ပါတယ်။

အကြံပြုချက် -
အထက်ဖော်ပြပါ အမှု၊ အခင်းများ( Cyber Crime များ ) နဲ့ပတ်သက်ပြီး ယနေ ့အချိန်ထိ ထိရောက်တဲ့ အရေးယူ၊ အပြစ်ပေးမှု တစ်ခုမှ မရှိသေးပါဘူး။ ကျူးလွန်သူတွေဟာ ရာဂဏန်းနီးနီးထိရှိလာပြီး၊ ကျူးလွန်ခံရသူ၊ နစ်နာသူတွေကတော့ နေ့စဉ်နဲ့အမျှရှိနေသည့်အတွက် ရာဂဏန်းမှ ထောင်ဂဏန်းလောက်အထိ ရှိလာနေပါပြီ။ ဘယ်လိုကြောင့်လည်းဆိုတော့ ကျူးလွန်သူဦးရေဟာ လက်ရှိအချိန်မှာ အနည်းဆုံး ( ၅၀ ) ဦးမှ ( ၁၀၀ ) ဦး လောက်အထိ ရှိနေပြီဖြစ်ပြီး၊ ကျူလွန်သူ ( ၁ ) ဦးလျှင် တစ်နေ့ကို Account ခိုးယူမှု အနည်းဆုံး ( ၃ ) ကောင့်လောက်အထိ ခိုးယူလျှက်ရှိနေသောကြောင့်ဖြစ်ပါတယ်။

တရားခံများကို သိနေပါလျှက်နဲ့အရေးယူအပြစ်ပေးမည့်သူတွေမရှိသည့်အတွက် တစ်နေ ့တခြား ပိုပိုပြီးဆိုတော့ ဆိုးရွားလို့နေပါတယ်။ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူနိုင်ဖို့အတွက်၊ ပြည်ထဲရေးလက်အောက်ရှိ တာဝန်ရှိသူများ( သက်ဆိုင်တဲ့ဌာန ၁ ခုချင်းစီမှ လူ ၁ ဦးစီ )၊ ဆက်သွယ်ရေးဝန်ကြီးဌာနဘက်မှ လူ ( ၁ ) ဦး၊ ဆက်သွယ်ရေး အော်ပရေတာတွေ ( MPT, Mytel, MECtel, Telenor, Ooredoo, ) မှ ( ၁ ) ဦးစီ၊ Wave Money ကဲ့သို့ Mobile Banking Service ပေးနေတဲ့သူတွေဆီမှ ( ၁ ) ဦးစီ၊ စုပေါင်းပြီး၊ အထက်ဖော်ပြပါ အမှု၊ အခင်းတွေဖြစ်ပေါ်လာချိန်မှာ ချက်ချင်း အရေးယူဆောင်ရွက်လို့ရစေနိုင်မယ့် Unit တစ်ခုအဖြစ် ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ပဲလိုပါမယ်။

အမှန်တကယ်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့မယ်ဆိုရင် ( ၁ ) လအတွင်းမှာ၊ Online ပေါ်က ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုတွေကို 90% လောက်အထိ ထိန်းချုပ်သွားနိုင်မှာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျူးလွန်သူများထဲမှ တရားခံအချို့ကို သက်သေ အစုံအလင်နဲ့အိမ်တိုင်ရာရောက်သွားရောက်ဖမ်းဆီးလို ့ရတဲ့အနေအထားအထိ သက်သေတွေကို စုဆောင်းထားတာရှိပါတယ်။ ထိုသူတွေမှ အစပြုကာ ကျန်ရှိနေသည့် တရားခံများစွာကိုလည်း ထိရောက်တဲ့ အရေးယူ၊ အပြစ်ပေးမှုမျိုးတွေလုပ်ဆောင်လို့ရတယ်ဆိုတာကို အသိပေးရင်းနဲ့ ထိရောက်တဲ့အရေးယူအပြစ်ပေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်ပေးစေချင်ပါကြောင်းကို အသိပေးရင်း တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်.....
Aung Kyaw Soe ( 31.8.2018 - 7:13 PM )

Ps: 31.8.2018 - 7:13 PM ကရေးထားတဲ့အကြောင်းအရာပါ။ အကြောင်းတစ်ခုကြောင့် အဲ့ဒီနေ့က Only me ထားခဲ့ပြီး ဒီနေ့ 28.9.2018 - 8:10 PM မှာ Public Post အနေနဲ့ပြန်တင်လိုက်ပါတယ်။
( ယခု Post အား ဝိုင်းဝန်း #Share ပေးခြင်း၊ တာဝန်ရှိသူများကို #Tag တွဲပြီး Share ပေးခြင်း၊ ယခု #Post အောက်မှာ #Mention ခေါ်ပြီး ပြသပေးခြင်းများဖြင့်၊ နယ်ပယ်ပေါင်းစုံ၊ အတန်းစားပေါင်းစုံမှ လူများကို ဒုက္ခပေးနေတဲ့ အကောင့်သူခိုးများကို ထိရောက်စွာ အရေးယူ အပြစ်ပေးတာမျိုးတွေရှိလာစေဖို့ ဝိုင်းဝန်းပြီး ကူညီပေးကြစေလိုပါတယ်။ )

#CyberBullying
#Blackmail
#PersonalAttack
#AccountHack
#Crime
#CyberCrime
#FacebookAccountHacked
#StopCyberBullying
#StopBlackmail
#StopPersonalAttack

မူရင်းပို့ စ် -